It will take 5 Seconds to Subscribe Us
မေမေ၏ မေတ္တာမုသားရှစ်ဖြာ
မေမေ၏ မေတ္တာမုသား အမှတ်(၁)
ကျွန်တော် ကလေးဘ၀ အချိန်တုန်းကပေါ့။
ကျွန်တော်ဟာ ဆင်းရဲနုံချာတဲ့ မိသားစုမှာ မွေးဖွားလာခဲ့ရသူပါ။
တစ်ခါတစ်လေများ စားစရာ မရှိလောက်အောင်ကို နုံချာခဲ့ရပါတယ်။
ဒါပေမယ့် ထမင်းစားချိန်ရောက်တိုင်း ကျွန်တော့်အတွက် မေမေပြင်ထားတဲ့ ထမင်းလေး တစ်ပန်းကန် ရှိနေတတ် ပါတယ်။
တစ်ပန်းကန်တည်းသော ထမင်းလေးကို မေမေကသူစားမယ့် ခွက်ထဲကနေ ထည့်ပေးရင်းနဲ့ ….
မေမေက ပြောတယ်….
" သားလေး..၀အောင်စားနော်၊ မေမေက ဗိုက်မစာပါဘူး…" တဲ့။
အသွေးအသားနှင့် ဖွဲ့ စည်းထားသော မေမေအဖို့ မစာခံနိုင်ရိုးလား၊ သို့ ပေမယ့် သားလေးအတွက် အငတ်ခံပြီး၊
သား စားနေသော ထမင်းလုပ်တိုင်းကို ပြုံးပြီး ကြည့်နေခဲ့တဲ့ မေမေ။ မစာပါဘူးဆိုသည့် မေမေ့ မေတ္တာမုသား….။
မေမေ၏ မေတ္တာမုသား အမှတ်(၂)
ဒီလိုနဲ့ ကျွန်တော့် ကြီးပြင်းမှုဟာ စတင်လာခဲ့ပါတယ်။
လောကဓံကို အရှုံးမပေးတဲ့ မေမေဟာ သူအားနေတဲ့ အချိန်လေးမှာတောင် အိမ်အနီးအနားမှာရှိတဲ့ မြစ်ကမ်းကိုသွားပြီး ငါးရလိုရငြား သွားမျှားလေ့ရှိပါတယ်။
ရည်ရွယ်ချက်က ငါးရလာရင် သားလေး အားအင်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကြီးပြင်းလာအောင် အဟာရဖြစ်စေမယ့် အစားအသောက်လေးတွေ ချက်ကျွေးချင်လို့ ပါ။
ငါးများရလာတော့ မေမေဟာ ကျွန်တော့်ကို ခံတွင်းတွေ့ စေမယ့် လတ်ဆတ်သန့် ရှင်းတဲ့ ငါးဟင်းချိုလေးတစ်ခွက် ကို ချက်တိုက်ရှာတယ်။
ကျွန်တော်ဟာ အရသာရှိလှတဲ့ မေမေ့လက်ရာ ငါးဟင်းချိုကို အားရပါးရသောက်နေတဲ့ အချိန်မှာ မေမေဟာ ကျွန်တော့် ဘေးနားမှာထိုင်ပြီး ကျွန်တော်စားထားလို့ ကျန်တဲ့ငါးဟင်းချိုမှ အရိုးလေးတွေကို စုပ်နေရှာတယ်။
ဒါကို မြင်တော့ ကျွန်တော့်ရင်ထဲမှာလေ ဆို့ နင့်သွားလိုက်တာ…။
ဒါနဲ့ ကျွန်တော်လည်း ဟင်းချိုပန်းကန်ထဲက ကျန်တဲ့ ငါးတစ်ကောင်ကို မေမေ့ကို စားဖို့ ပေးတယ်။
ဒါပေမယ့် မေမေဟာ ချက်ချင်းပဲငြင်းပြီး ဒီလိုပြောတယ်…..
"ငါ့သားလေးပဲ ၀အောင်စားပါကွယ်…မေမေက ငါးမကြိုက်ပါဘူး…." တဲ့။
မေမေရယ် ဟင်းချိုခွက်ထဲက ငါးကို မေမေကြိုက်ပါရက်နဲ့ ၊ မေမေစားလိုက်ရင် သားလေး အဟာရမပြည့်ဝမှာ စိုးလို့  သူ့ ကိုယ်သူ အဟာရအပြတ်ခံခဲ့တဲ့ မေမေ၊ ပြီးတော့ ငါး မကြိုက်ပါဘူး ဆိုတဲ့ မေမေ့ မေတ္တာမုသား……။
မေမေ၏ မေတ္တာမုသား အမှတ်(၃)
ဒီလိုနဲ့ ကျွန်တော်ဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ကိုဖြန်သန်းရင်း အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်လာခဲ့ပြီ။
ဒါပေမယ့် ကျွန်တော့် ပညာသင်စရိတ်ကို ထောက်ပံ့နိုင်အောင် မေမေဟာ အပ်ချုပ်ဆိုင်များကို သွားပြီး လက်ချုပ် ထည်လေးတွေကို ယူပြီး အပင်ပန်းခံ ချုပ်ရှာတယ်။
ဒီတော့ ကျွန်တော့် ကျောင်းစရိတ်ထောက်ပံ့ဖို့ ငွေစ အနည်းကျဉ်း ရရင်ပဲ မေမေ့ခမျာ ပျော်နေရှာတယ်။
ဒီလိုနဲ့ မိုးအကုန် ဆောင်းသို့ ရောက်လာခဲ့ပြန်တယ်။
ဆောင်းညတစ်ည ညသန်းခေါင်အချိန် ကျွန်တော် အိပ်ယာကနိုးလာတော့ ခပ်မှိန်မှိန် ဖယောင်းတိုင်မီးလေးကို
အားကိုး၍ ဇွဲကြီးကြီးနဲ့  ချမ်းအေးမှုကို မျက်ကွယ်ပြုကာ မအိပ်နိုင်ရှာသေးပဲ အလုပ်ထိုင်လုပ်နေတဲ့ မေမေ့ကို တွေ့ လိုက်ရတယ်။
အဲဒါနဲ့ ကျွန်တော်က မေမေ့ကို ပြောတယ်…
"မေမေ…အရမ်းလည်းပင်ပန်းနေပြီ၊ အရမ်းလည်း နောက်ကျနေပြီ အိပ်တော့လေ…မနက်ကြရင်လည်း ချုပ်ပြီးတဲ့ အထည်တွေပို့ ဖို့ အစောကြီးထရဦးမယ် မဟုတ်လား…."
ထိုအခါမှာပဲ မေမေက အပြုံးလေးနဲ့ ပြန်ပြောတယ်….
" သားလေး..အိပ်ရေးဝအောင် ပြန်အိပ်ပါကွယ်…မေမေက မပင်ပန်းပါဘူး…"တဲ့။
တစ်နေကုန် ထိုင်ပြီး လက်ချုပ်လိုက်နေတဲ့ မေမေ မပင်ပန်းခံနိုင်ရိုးလား၊ ဒါပေမယ့် သားလေး အနာဂတ်ကောင်း အောင် ကျောင်းစရိတ်ရဖို့ ကိုပဲ စိတ်အားထက်သန်နေရှာတဲ့ မေမေ၊ ချမ်းအေး ပင်ပန်းမှုတို့ ကိုတောင် မမှုတော့ပါ လား မေမေရယ်၊ နောက်ပြီး မပင်ပန်းပါဘူး ဆိုတဲ့ မေမေ့ မေတ္တာမုသား….။
မေမေ၏ မေတ္တာမုသား အမှတ်(၄)
ဒီလိုနဲ့ ကျွန်တော်ဟာ အထက်တန်း အတန်းတင်စာမေးပွဲကြီး ဖြေဆိုဖို့ အချိန်ကို ရောက်လာခဲ့ပါတယ်။
ကျွန်တော် စာမေးပွဲ ဖြေတော့မည် ဆိုကတည်းက မေမေဟာ အလုပ်များကို ပြီးအောင်မြန်မြန်ဖြတ်ထား လိုက်တယ်၊ ဘာလို့ လဲဆိုတော့ စာမေးပွဲ ဖြေနေတဲ့ အချိန်မှာ ကျွန်တော့်ကို အဖော်လုပ်ရအောင်တဲ့လေ။
စာမေးပွဲ နောက်ဆုံးနေ့ ကိုရောက်ပြီ၊ နေ့ လယ်အချိန်ရဲ့ နေရောင်ချည်ဟာလည်း ပြင်းထန်လှပါတယ်။
ဒါပေမယ့် ဇွဲကောင်းတဲ့ မေမေဟာ အပူဒဏ်တို့ ကို ဂရုပင်မပြု သားလေးစာမေးပွဲ ဖြေနိုင်ရေးကို ပူပြင်းလှသော နေရောင်ချည်အာက်မှာ နာရီပေါင်းများစွာ ရပ်စောင့်ပြီး ဆုတောင်းပေး နေခဲ့ရှာတယ်။ ပြီးတော့ သားလေး စာမေးပွဲခန်းက ထွက်လာရင် အမောပြေ သောက်ရအောင် ၀ယ်လာတဲ့ လက်ဘက်ရည် ပြစ်ပြစ်ကလေး ထည့်ထားတဲ့ ခွက်ကလေးကို လက်ကကိုင်ရင်းနဲ့ ပေါ့။
စာမေးပွဲ ဖြေဆိုပြီးကြောင်း ခေါင်းလောင်းတီးတော့၊ သားလေးစာမေးပွဲ အခန်းထဲက ထွက်အလာကို လည်တမော့
မော့နဲ့  မျှော်နေရှာတယ်။
စားမေးပွဲခန်းကထွက်လာတဲ့ သားလေးကိုမြင်ရော မေမေဟာ ၀မ်းသာအားရ ဆီးကြိုရှာတယ်၊ ပြီးတော့ လက်မှာကိုင်ထားတဲ့ လက်ဘက်ရည်ပြစ်ပြစ်ကလေးကို သားလေးအမောပြေအောင် တိုက်ရှာတယ်။
ပြစ်ပါတယ်ဆိုတဲ့ လက်ဘက်ရည်ဟာ မေမေ့ မေတ္တာလောက် ပြစ်နှစ်နိုင်ပါ့မလား မေမေ။
ကျွန်တော်လည်း ချွေးတလုံးလုံးဖြစ်နေတဲ့ မေမေ့ကို ကြည့်ပြီး….
"မေမေလည်း သောက်ဦးလေ…"ဟု ပြောပြီး လက်ဘက်ရည်ခွက်ကလေး ထိုးပေးတော့…
မေမေက ပြန်ပြောတယ်….
"ငါ့သားလေးပဲ ၀အောင်သောက်ပါ…မေမေက မောလည်းမမောဘူး…ရေလည်းမဆာပါဘူး…"တဲ့။
မေမေရယ် နာရီပေါင်း များစွာ နေပူထဲ ရပ်စောင့်နေခဲ့တာ ရေမငတ်၊မမောပန်းပဲ ခံနိုင်ရိုးလား၊ ဒါပေမယ့် လက်ဘက်ရည်သောက်ပြီး သားလေး အမောပြေသွားတာကိုပဲ ကြည့်ပြီး ပီတိဖြစ်နေတဲ့ မေမေ။ နောက်ပြီး မောလည်းမမော၊ ရေလည်း မဆာပါဘူးဆိုတဲ့ မေမေ့ မေတ္တာမုသား…..။
မေမေ၏ မေတ္တာမုသား အမှတ်(၅)
ဖေဖေဆုံးပြီးတော့ အားကိုးမဲ့သွားတဲ့ မေမေဟာ မုဆိုးမဘ၀နဲ့ ပဲ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ကျွန်တော်၏ ဘ၀လိုအပ်ချက်တွေကို ယနေ့ ချိန်အထိတိုင် အဖေနေရာကရော အမေနေရာကပါနေပြီး ရှေ့ ကမားမားမတ်မတ် ရပ်တည်ပေးခဲ့ပါ တယ်။
ကျွန်တော်တို့ မိသားစုဘ၀ဟာ အင်မတန်ကို ကြမ်းတမ်းခဲ့ရပါတယ်။ ဒုက္ခမရှိတဲ့နေ့ ဆိုတာ မရှိသလောက်ပါဘဲ။
ပတ်ဝန်းကျင်ကလည်း ကျွန်တော်တို့ သားအမိဘ၀ကို ကြည့်ပြီး တော်တော်ကံဆိုးရှာကြတာပဲဟု ဆိုပြီး ကရုဏာ သက်ကြပါတယ်။
နောက်ပြီးသူတို့ က မေမေ့ကို အရွယ်ကောင်းတုန်း နောင်ရေးစိတ်ချရအောင် အခုလိုမပင်ပန်းရအောင် နောက်အိမ် ထောင်ပြုပါလားလို့ အကြံပေးကြတော့ မေမေဟာ သူတို့ ပြောတာကို ဂရုမစိုက်ပဲ ပြန်ပြောလိုက်တယ်…
" လောကမှာ…ငါ့သားလေးက လွဲရင် ဘယ်သူ့ ဆီက မေတ္တာမှ မလိုအပ်တော့ပါဘူး…"တဲ့။
မေမေရယ် မေမေလည်း ပုထုဇဉ်လူသားပေပဲ၊ ပြည့်ပြည့်စုံစုံ နေချင်မှာပေါ့၊ ဒါပေမယ့် ကိုယ်စိတ်ချမ်းသာမှု တစ်ခုကို ဂရုမထားပဲ သားလေးဘ၀အတွက်ကိုပဲ ရှေးရှုဦးစားပေးခဲ့တဲ့ မေမေ၊ တာဝန်ကျေလှပါတယ် မေမေ။
မေမေ၏ မေတ္တာမုသား အမှတ်(၆)
ကျွန်တော် အထက်တန်းအောင်တော့ မေမေ့ကို ထားခဲ့ပြီး ရန်ကုန်မှာ တက္ကသိုလ်တက်ရင်း နဲ့ အလုပ်တစ်ခုကို ၀င်လုပ်တယ်။
မေမေက ခွင့်မပြုဘူး ဒါပေမယ့် ကျွန်တော်ခိုးလုပ်ခဲ့တယ်၊ ဘာလို့ လဲဆိုတော့ မေမေ့ အသက်ရွယ်က အနားယူဖို့  သင့်နေပြီလေ။
ဒါပေမယ့် မေမေကတော့ အနားမယူချင်ဘူး၊ သူ့ တစ်နိုင်တစ်ပိုင် ဈေးထဲမှာ ဟင်းသီးဟင်းရွက်လေးတွေ ရောင်းချင်
နေတယ်၊ ရတာလေးနဲ့ သားကို ထောက်ပံ့ဦးမယ် ဆိုတဲ့သဘောပေါ့။
ဒါနဲ့ ကျွန်တော်လည်း မေမေလုပ်ချင်တာလေးတွေအတွက် ရတဲ့လခလေးစုပြီးတော့ မေမေ့ဆီကို ပို့ ပေးလိုက်တယ်။
ဒါပေမယ့် ခေါင်းမာတဲ့မေမေဟာ ငွေတွေကို လက်မခံပဲ ကျွန်တော့်ဆီကို ပြန်ပို့ ပေးလိုက်တယ်။
နောက်ပြီး စာလေးတစ်ဆောင်ပါ ထည့်ပေးလိုက်တယ်၊ စာထဲမှာက….
"မေမေ့အတွက် ပိုက်ဆံမလိုပါဘူး သားလေးရယ် မေမေ့မှာရှိပါတယ်…သားလေးပဲသုံးပါတဲ့…"
မေမေရယ် တစ်နေ့ လုပ်မှ တစ်နေ့ စားရတဲ့ မေမေ့အဖို့  ဘယ်က ပိုက်ဆံအပိုရှိမှာလဲ၊ ဒါပေမယ့် မြို့ မှာနေတဲ့ သားအဖို့ ဒုက္ခမရောက်ရအောင် ချို့ တဲ့ခံရှာတဲ့ မေမေရယ်၊ နောက်ပြီး မေမေ့မှာ ရှိပါတယ် သားလေးပဲ သုံးပါဆိုတဲ့ မေမေ့ မေတ္တာမုသား….၊
မေမေ၏ မေတ္တာမုသား အမှတ်(၇)
ဒီလိုနဲ့ ကျွန်တော်ဟာ တက္ကသိုလ်က ဘွဲ့ တစ်ခုရခဲ့တယ်၊ ရန်ကုန်မှာ မိတ်ဆွေကောင်းများ တွေ့ ရှိခဲ့တော့ ကွန်ပျူတာ ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့တယ်။
မိတ်ဆွေတွေအထဲက နိုင်ငံရပ်ခြားကို ထွက်ပြီးအလုပ်လုပ်နေသူများ ရှိတော့၊ သူတို့ ကောင်းမှုဖြင့် ကျွန်တော်ဟာ
စင်ကာပူနိုင်ငံက ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ခွင့်ရရှိခဲ့တယ်။
ဒါကိုသိတော့ မေမေ့ခမျာ သားကို မခွဲနိုင်ပေမယ့် ငါ့သားလေးဘ၀ ကောင်းစားပြီဆိုပြီး ၀မ်းသာလွန်းလို့  မျက်ရည် ဖြိုင်ဖြိုင် ကြခဲ့ရှာတယ်။
ဒီလိုနဲ့ နှစ်တွေကြာတော့ အတွေ့ အကြုံများလာတဲ့ ကျွန်တော်ဟာ ကုမ္ပဏီမှာ လခကောင်းလာခဲ့တယ်။
ဒီအချိန်ရောက်တော့ ကျွန်တော်ဟာ မေမေ့ကိုပါ စင်ကာပူကို ခေါ်ထားဖို့ ကို ဆုံးဖြတ်ပြီး ကြေးနန်းရိုက်လိုက် တယ်။
ဒါပေမယ့် မြင့်မြတ်လှတဲ့ မေမေဟာ သားနောက်ကို လိုက်လာချင်ပေမယ့်၊ သူ့ အတွက် သားဖြစ်သူ တာဝန်တွေပို
အလုပ်ပျက်ဖြစ်မည်ကို စိုးသဖြင့်…..
" သားလေးရယ်….. သားလေးပဲ အဆင်ပြေအောင်နေပါ…မေမေ့ကို စိတ်မပူပါနဲ့ …နောက်ပြီး သားတို့ နေရာမှာ မေမေ နေလို့ အဆင်ပြေမှာ မဟုတ်ပါဘူး…."တဲ့။
မေမေရယ် သားနောက်ကို လိုက်လာချင်ပေမယ့်လည်း သားဖြစ်သူ တာဝန်တွေပို အလုပ်ပျက် ဖြစ်မည်ကို စိုးပြီး
ဆန္ဒတွေကို ကြိတ်မှိတ်မျိုသိပ်ထားခဲ့တဲ့ မေမေ၊ နောက်ပြီး သားတို့ နေရာမှာ မေမေအဆင်ပြေမှာ မဟုတ်ဘူး ဆိုတဲ့ မေမေ့ မေတ္တာမုသား….။
မေမေ၏ မေတ္တာမုသား အမှတ်(၈)
အချိန်ခါတွေညောင်းလို့ မေမေတစ်ယောက် ဇရာထောင်းခဲ့ပြီ။
ဖြတ်သန်းခဲ့ရတဲ့ ကြမ်းတမ်းလှသော လောကဓံ၏ ဒဏ်ချက်များကြောင့် မေမေဟာ နံရိုးကင်ဆာ ဝေဒနာကို ခံစားခဲ့ရတယ်။
မေမေ့ကို ဆေးရုံတင်ထားတယ်ကြားတော့ ကျွန်တော်ဟာ အလုပ်ကနေ ရက်ရှည်ခွင့်ယူပြီး မြန်မာပြည်ကို ကြေကွဲစွာ ပြန်လာခဲ့တယ်၊ မေမေ့အတွက် လိုအပ်တဲ့ငွေကြေးကို ထောက်ပံ့ပေးနိုင်ပေမယ့် အနီးကပ် စောင့် ရှောက်ခွင့်မရတဲ့ ကျွန်တော် ယူကြိုးမရဖြစ်ရပြီ။
ဆေးရုံရောက်တော့ ခွဲစိတ်ကုသခြင်းခံထားရတဲ့ မေမေဟာ ကုတင်ပေါ်မှာ နာကျင်တဲ့ ဝေဒနာကိုခံစားရင်း လှဲနေရှာတယ်။ ဆရာဝန်တွေက လက်လျှော့လိုက်ကြပါပြီ။
ဒါကို ကျွန်တော်မြင်မိတော့ ဆို့ နင့်လာတဲ့ ရင်ဘတ်၊ ပြည့်ကျပ်လာတဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်စတွေကို ကျွန်တော်တားဆီးလို့ မရတော့ပါ။
ကျွန်တော့်ကို မြင်လိုက်တဲ့ မေမေဟာ နာကျင်တဲ့ ဝေဒနာကြီး ပြင်းပြင်းထန်ထန် ခံစားနေရတာတောင် သားဖြစ်သူ မျက်နှာကို ကြည့်ပြီး ဝေဒနာကိုကြိတ်မှိတ်ထားပြီး အပြုံးတစ်ပွင့် ဖြန့် ကျက်လိုက်ရှာတယ်။
မေမေရယ် အရွယ်ကျလို့ အိုသွားပါပြီကောလား၊ အရေပြားတို့ တွန့် လိပ်ကုန်ပါပေါ့လား၊ ဆံတွေဖြူလို့ သွားကျိုး နေပါပေါ့လား၊ ဒါတောင် မေမေ့ရုပ်ရည်ဟာ အေးမြလွန်းလို့  လမင်းတောင် ပုန်းစရာ နေရာမရှိတော့ပါ၊
ကျွန်တော်လည်း မေမေ့လက်ကလေးကို ဆုပ်ကိုင်ကာ မေမေ့အနားမှာ ထိုင်ပြီး ထိန်းမရတော့တဲ့ မျက်ရည်မြစ်ဟာ တစ်သွင်သွင်စီးဆင်းနေပါတော့တယ်။
ဒါကို တွေ့ တဲ့ မေမေဟာ သူမှာရှိနေသေးတဲ့ အားအင်လေးကို သုံးပြီး ကျွန်တော့်ကို ပြောတယ်…
"မငိုပါနဲ့ သားလေးရယ်…မေမေ မနာကျင်ပါဘူး…"တဲ့။
သြော် မေတ္တာအနန္တ တုနှိုင်းမရတဲ့ မေမေရယ် ပြင်းထန်စွာ ခံစားနေရတဲ့ ဝေဒနာကို မျက်ကွယ်ပြုပြီး၊ သားဖြစ်သူကိုတောင် ၀မ်းမနည်းအောင် မေတ္တာမုသားနဲ့  အားပေးရှာတဲ့ မေမေ၊ လောကမှာ မေမေ့ဆီမှာ ရှိတဲ့ မေတ္တာမျိုး သား ဘယ်ကရနိုင်တော့မှာလဲ မေမေ…မေမေ့ မေတ္တာဟာ အနန္တနက်ရှိုင်းသလောက် မေမေ့မေတ္တာကို သားရဲ့တုံ့ ပြန်ပေးနိုင်မှုက သဲပွင့်လေးတစ်ပွင့်လောက်တောင် တန်ဖိုးမရှိပါလား မေမေရယ်..။
မေမေဟာ ထိုကဲ့သို့  မေတ္တာမုသား အမှတ်(၈) ကို ပြောပြီး မကြာခင်မှာပဲ ထာဝရ မျက်စိမှိတ်သွားရှာပါတော့တယ်။
(မှတ်ချက်)
ဒီအကြောင်းအရာလေးမှာ EIGHT LIES of A MOTHER ခေါင်းစဉ်ဖြင့် စင်ကာပူမှ မိတ်ဆွေတစ်ယောက်က အီးမေးလ်မှ တစ်ဆင့် ပို့ ပေးသည်ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်။ စာဖတ်သူ ညီငယ် မောင်မယ်များ ကျန်းမာရွှင်လန်း၍ မိဘကျေးဇူးကို အစွမ်းရှိသမျှ ပေးဆပ်နိုင်သော လူတော်၊လူကောင်းများ ဖြစ်ကြပါစေ…..။
(သူရစက္က)
No comments:
Post a Comment