It will take 5 Seconds to Subscribe Us
လက်သမားတစ်ဦး၏လက်ဆောင် (မိသားစုတိုင်းအတွက်ပါ)
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါပဲနော်၊ မှတ်သားစရာလေးပါပဲဗျာ၊ မိသားစုတိုင်းအတွက် ဆိုပါတော့၊ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီ (၂၂)ရက်နေ့ထုတ် (အလှဆင်သူဂျာနယ်) ထဲမှာပါတဲ့ ဆောင်းပါကောင်းလေး (၁)ပုဒ်ပါ။ အစားအသောက် ကောင်းကောင်း စားရရင် ကိုယ်ချစ်ခင်ရသူတွေကို သတိရမိသလိုမျိုးပေါ့။ ဒီဆောင်းပါးကောင်းလေးကို ဖတ်မိတော့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေကို သတိရမိလို့ အခုလို ကိုးကား ရေးသားပြီး ခံစားမျှဝေ ပေးလိုက်တာပါနော်။
"လက်သမားတစ်ဦး၏ လက်ဆောင်"
သူငယ်ချင်းတို့ရေ... တစ်ခါက ရွာတစ်ရွာမှာ လယ်သမားကြီး မိသားစု တစ်စုရှိသတဲ့ဗျ၊ လယ်သမားကြီးမှာ သားနှစ်ဦး ထွန်းကားသတဲ့၊ လယ်သမားကြီးဟာ စည်းကမ်းလည်းရှိတယ်၊ မိသားစု စည်းလုံးညီညွတ်မှုကိုလည်း အလေးထားတယ်၊ ဒါပေမယ့် တစ်နေ့မှာ လယ်သမားကြီး ကွယ်လွန်တော့ သားနှစ်ဦးဟာ လယ်ယာမြေတွေကို ခွဲဝေပိုင်ဆိုင်လို့ ကိုယ်စီကိုယ်စီ အိမ်ထောင်ဖက်တွေနဲ့ လယ်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်နေကြရာက.... တစ်နေ့မှာတော့ ဇနီးတွေရဲ့ ပယောဂနဲ့ ညီအစ်ကိုအချင်းချင်း စကားများ ရန်ဖြစ်ကြသတဲ့ဗျ၊ အဲ့ဒီလို စကားများ ရန်ဖြစ်ကြခြင်းဟာ သူတို့နှစ်ဦးကြားမှာ ပထမဆုံးအကြိမ် သဘောထား ကွဲလွဲမှုပဲတဲ့ဗျ၊ သူတို့ ညီအစ်ကို နှစ်ဦးရဲ့ နှစ်ပေါင်း (၄၀)ကျော် ချစ်ချစ်ခင်ခင် နေလာကြတဲ့ မိသားစု သံယောဇဉ်တွေဟာ အထင်လွဲမှားမှုလေးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အသေးအမွှား ကိစ္စလေးကြောင့် နေ့ချင်း ညချင်းဆိုသလို ပြသနာကြီး ဖြစ်ပေါ်ခဲ့သတဲ့၊ နောက်ဆုံးတော့ ညီအစ်ကို နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး နာကြည်း မုန်းတီးစေမယ့် စကားတွေ ပြောဆိုရင်း.... မခေါ်မပြောကြတော့ဘူးတဲ့ဗျာ။
အင်း.... အဲ့ဒီလိုနဲ့ တစ်နေ့မှာတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ကို လက်သမားသုံး သေတ္တာလေးနဲ့ လူစိမ်းတစ်ဦး ရောက်လာပါတယ်၊ အဲ့ဒီလူက အစ်ကိုဖြစ်သူကို ပြောပါတယ်... ""အစ်ကိုကြီခင်ဗျာ... ကျနော်က လက်သမားတစ်ယောက်ပါ၊ ရက်အနည်းငယ်လောက် အလုပ်လုပ်ချင်လို့ အလုပ်ရှာနေသူပါ၊ ကျနော့အတွက် အလုပ်ပေးနိုင်မလား ခင်ဗျာ"" လို့ပြောတယ်၊ ဒီတော့... အစ်ကို ဖြစ်သူက ချက်ချင်းပဲ စဉ်းစားမိပြီး ""ဟုတ်.... ရှိပါတယ်၊ ဟိုချောင်းကျည်းလေးရဲ့ ဟိုဖက်က လယ်ကွင်းနဲ့ အိမ်လေးကို ကြည့်လိုက်ပါ၊ အဲ့ဒါက ကျနော့ရဲ့ညီလေး ပိုင်ဆိုင်တဲ့ အိမ်နဲ့လယ်ကွင်းတွေပေါ့ဗျာ၊ ဟိုအရင်တုန်းက အဲ့ဒီချောင်းလေးနေရာမှာ ချိုင့်ဝှမ်းလေး တစ်ခုပဲ ရှိခဲ့ပါတယ်၊ ဒါပေမယ့်... ကျနော့ညီက မြစ်ဘေးရှိ တမံကို ဘူဒိုဆာနဲ့ဖြိုဖျက်ပြီး ချောင်းလေးဖြစ်အောင် လုပ်ခဲ့ပါတယ်၊ ဒါဟာ ကျနော့အတွက် မြေပဲနဲ့ ကြက်သွန်တွေ စိုက်လို့မရအောင် တမင်သက်သက် လုပ်တဲ့သဘောပါ၊ သူနဲ့ကျနော်က စကားမပြောကြဘူးလေ၊ ဒီတော့.... ကျနော်ကလည်း သူ့ထက်ပိုကောင်းတဲ့ အနှောင့်အယှက် ပေးချင်ပါတယ်၊ ကျနော့လယ်ဖက်ခြမ်းက မြို့ကိုသွားတဲ့ မော်တော်ကားလမ်းနားမှာ ဆိုတော့ ကျနော့ညီဟာ ကျနော့လယ်ယာမြေဖက်ခြမ်းနဲ့ ကင်းကင်းနေလို့ မရပါဘူး၊ ဒီတော့ဗျာ... အဲ့ဒီချောင်းလေးက နယ်နိမိတ်ဆိုတော့ ချောင်းဒီဖက်ခြမ်းကနေ သစ်သားတွေနဲ့ ခြံစည်းရိုးကို လုံခြုံအောင် ကာရံချင်ပါတယ်၊ ဒါဆိုရင် ကျနော့ညီတော့ စိတ်အနှောက်အယှက်နဲ့ သွားရေးလာရေး အခက်အခဲဖြစ်မှာ သေချာတယ်"" လို့ပြောသတဲ့ဗျ၊ အင်း... အဲ့ဒီတော့ လက်သမားဆရာက ""ဟုတ်ကဲ့... ကျနော် သဘောပေါက်ပါပြီ၊ ကျနော့ကို လိုအပ်တဲ့ သစ်သားနဲ့ သံတွေသာ ပေးပါ၊ ခင်ဗျား စိတ်ကျေနပ်အောင် လုပ်ပေးပါ့မယ်"" လို့ပြောလိုက်ပါတယ်၊ လယ်သမားကလည်း သူဖြစ်ချင်နေတဲ့ ဆန္ဒ ဆိုတော့ အားလုံးကို စီစဉ်ပေးတာပေါ့ဗျာ၊ ဒါပေမယ့် လယ်သမားအစ်ကိုဟာ အဲ့ဒီနေ့မှာပဲ မြို့ကိုသွားရမယ့် အလုပ်ပေါ်လာလို့ မြို့ကိုတက်သွားပါတယ်၊ လက်သမားဆရာကတော့ လယ်သမား ညီအစ်ကိုနှစ်ဦးရဲ့ နယ်နိမိတ်ဖြစ်တဲ့ ချောင်းလေးနားမှာ သူ့အလုပ်တွေကို သူလုပ်ပြီး ကျန်ခဲ့ရတာပေါ့၊ ဒီလိုနဲ့ ညနေစောင်းတော့ လယ်သမားအစ်ကိုဟာ ပြန်ရောက်လာပါတယ်၊ သူပြန်ရောက်လာချိန်မှာ လက်သမားဆရာက အလုပ်တွေပြီးလို့ သူ့ရဲ့လက်သမားပစ္စည်းတွေကိုတောင် သိမ်းဆည်းနေပါပြီ၊ ဒါပေမယ့် လယ်သမားကတော့ ခေါင်းငိုက်စိုက်ကျသွားပါသတဲ့၊ ဘာလို့လည်းဆိုတော့ဗျာ.... သူခြံစည်းရိုး တည်ဆောက်ခိုင်းတဲ့ နယ်နိမိတ် ချောင်းကျဥင်္းလေး နေရာမှာ ခြံစည်းရိုးမဟုတ်ပဲ... ချောင်းလေးကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ အပေါ်က တံတားလေး တစ်စင်း ဖြစ်နေလို့လေ။
သူငယ်ချင်းတို့ရေ... အဲ့ဒီတံတားလေးမှာ ကောင်းမွန်လှပတဲ့ လက်ကိုင်တန်းလေးတွေလည်း ပါသေးတယ်ဗျ၊ အဲ့ဒီအချိန်မှာပဲ လက်သမားရဲ့ညီလေးဟာ လက်ကိုဆန့်တန်းရင်း တံတားဆီ လှမ်းလာနေတာကို တွေ့လိုက်ရတယ်၊ ဒီတော့... သွေးဆိုတဲ့ အမျိုးကလည်း အင်မတန်ဆန်းကျယ်ပါတယ်၊ လယ်သမားအစ်ကိုဟာလည်း တံတားရှိရာကို ချက်ချင်းပဲ လျှောက်သွားတော့မယ်၊ သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ တံတားလေးရဲ့ အလယ်မှာ ဆုံကြတယ်၊ ညီဖြစ်သူက ပြောတယ်...""အစ်ကိုဟာ... အရမ်းကို သဘောထား ကြီးတာပဲနော်၊ ကျနော် ပြောဆို၊ လုပ်ကိုင်ခဲ့တဲ့ အမှားတွေကို လုံးဝဗွေမယူတဲ့အပြင် တံတားလေးတောင် ဆောက်ပေးသေးတယ်၊ ကျနော် မှားမိပါတယ် အစ်ကိုရယ်..."" ဆိုပြီး ၀မ်းနည်းစွာနဲ့ အစ်ကိုဖြစ်သူကို ပွေ့ဖက်ငိုကြွေးတယ်၊ အဲ့ဒီအချိနှ်မှာတော့ လက်သမား ဆရာက သူ့ရဲ့လက်သမားသုံး ပစ္စည်းတွေကို သေတ္တာထဲမှာ သိမ်းဆည်းပြီးလို့ သေတ္တာလေးထမ်းပြီး ပြန်မလို့ ဟန်ပြင်နေတာကို တွေ့လိုက်ရပါတယ်။
သူငယ်ချင်းတို့ရေ... အဲ့ဒီအချိန်မှာ လယ်သမားအစ်ကိုက လက်သမားဆရာကို ""သြော်... ဆရာရေ... ခဏနေပါဦးဗျာ၊ ကျနော့ဆီမှာ ရက်အနည်းငယ်လောက် ဆက်နေပေးပါလားဗျာ၊ ကျနော့မှာ ခင်ဗျားအတွက် အလုပ်လေးတွေ ရှိနေသေးလို့ပါ"" လို့ အော်ပြောလိုက်ပါတယ်၊ ဒီတစ်ခါမှာတော့... လက်သမားဆရာက ""ဟုတ်ကဲ့ပါ... ကျနော် ဆက်ပြီး နေပေးချင်ပါတယ်ဗျာ၊ ဒါပေမယ့် ကျနော့မှာ အခုလိုမျိုးပဲ ဆက်သွယ် ပေါင်းကူးပေးရမယ့် တံတားတွေ အမြောက်အများ ရှိပါသေးတယ်"" လို့ပြောပြီး ထွက်သွားပါသတဲ့ ခင်ဗျာ။
သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်နော်...
ကျနော်တို့ လူ့လောကမှာ တစ်မိတည်းက ပေါက်ဖွားကြပေမယ့်
တစ်ခါတစ်ရံ သဘောထား မတိုက်ဆိုင်ရာက စကားများ ရန်ဖြစ်လို့ မခေါ်မပြောကြတဲ့
သွေးသားရင်းချာတွေကို ကျနော် တွေ့ဖူးပါတယ်၊
လူတွေဟာ ကျယ်ပြန့်တဲ့ လူ့ဘောင်ဆိုတာကို ဖြတ်သန်းနေကြရတာကြောင့်
အကြောင်းအမျိုးမျိုးနဲ့ လူအချင်းချင်း အဆင်မပြေတာမျိုးတွေ ရှိတတ်ကြပါတယ်ဗျာ
အဲ့ဒီအချိန်ကျရင်... အထင်အမြင်လွဲမှားမှုဆိုတဲ့... တံတားလေးကို
နားလည် ခွင့်လွှတ်မှုဆိုတဲ့.... တံတားလေး ခင်းပေးလိုက်ဖို့ လိုပါတယ်နော်........။
No comments:
Post a Comment