It will take 5 Seconds to Subscribe Us
နှလုံးေ၇ာဂါအကြောင်းသိကောင်းစ၇ာ
နှလုံးသွေးကြောကျဉ်း ရောဂါဆိုတာ ဘာလဲ။
Coronary Artery Disease လို့ခေါ်တယ်။ နှလုံးကြွက်သား ပျက်စီးတတ်တဲ့ အတွက် Coronary Heart Disease လို့လည်း ခေါ်တယ်။

ဒီရောဂါက အဖြစ်များသလား။
အနောက်နိုင်ငံမှာ အလွန် အဖြစ်များတဲ့ ရောဂါဖြစ်တယ်။ သေနှုန်းလည်း များတယ်။
ဘာကြောင့် ဖြစ်တာလဲ။
အများစုမှာ နှလုံးသွေးကြောတွေ အဆီအခဲ ပိတ်တာကြောင့် ဖြစ်တယ်။ တစ်ခါတလေ နှလုံးသွေးကြောတွေ အလွန် ညှစ်တာကြောင့် ပိတ်သွားတာမျိုး ရှိတယ်။ Coronary Spasm လို့ ခေါ်တယ်။
ဘယ်လို လူမျိုးတွေမှာ ပိုဖြစ်တတ်သလဲ။
ဆီးချိုရှိတဲ့သူ၊ သွေးတိုးရှိတဲ့သူ၊ သွေးထဲမှာ အဆီဓာတ် များတဲ့သူ၊ ဆေးလိပ် သောက်တဲ့သူ၊ အဝ လွန်တဲ့သူ၊ စိတ်ဖိစီးမှု များတဲ့သူ၊ လေ့ကျင့်ခန်း နည်းသူ။ အလုပ်ဖိစီးမှု များသူ၊ ကိုကိန်း (Cocaine) စွဲသူ၊ နာတာရှည် ကျောက်ကပ်ရောဂါ ရှိသူတွေမှာ အဖြစ်များတယ်။
Coronary လို့ ဘာလို့ ခေါ်တာလဲ။
သွေးကြောတွေဟာ လက်သီးဆုပ်နဲ့တူတဲ့ နှလုံးသားကို ပတ်ပတ်လည်ဝိုင်းပြီး နှလုံးကို အာဟာရနဲ့ အောက်ဆီဂျင် ပေးတယ်။ နှလုံးသားညှစ်တဲ့ အချိန်မှာ သွေးစီးမဝင်နိုင်ဘူး။ ဒါဟာ တခြားအင်္ဂါတွေနဲ့ စာရင် ထူးတယ်။ သွေးကြောပိတ်တော့ အောက်ဆီဂျင် မရဘူး။ နှလုံးက စဉ်ဆက်မပြတ် ၂၄ နာရီပတ်လုံး မွေးသည်မှ သေသည်အထိ ခုန်နေရတဲ့အတွက် အောက်ဆီဂျင် အလွန် လိုအပ်တယ်။ အောက်ဆီဂျင် မရရင် မရတဲ့ နှလုံးအစိတ်အပိုင်းဟာ ပျက်စီးတယ်။ နှလုံးကို ပတ်လည် ဝိုင်းထားတဲ့အတွက် သရဖူနဲ့ တူတယ်။ ဒါကြောင့် Coronary လို့ ခေါ်တယ်။
နှလုံးခုန်တာက ဘာကြောင့်လဲ။
နှလုံးက ခန္ဓာကိုယ် အရပ်ရပ်ကို သွေးတွေညှစ်ပြီး သွေးကြောကြီးတွေက တစ်ဆင့် ပို့ပေးတယ်။ နှလုံးထဲကို ခန္ဓာကိုယ် အရပ်ရပ်က သွေးတွေဟာ သွေးပြန်ကြောမကြီးတွေနဲ့ ပြန်ဝင်လာတယ်။ ဒါကို ခန္ဓာကိုယ်တွင်း သွေးလည်ပတ်ခြင်းလို့ ခေါ်တယ်။ သွေးပို့လွှတ်အောင် နှလုံးအခန်းတွေထဲမှာရှိတဲ့ သွေးတွေကို ညှစ်ထုတ်ရတယ်။ သွေးတွေ နှလုံးရဲ့ အခန်းတွေထဲမှာ လက်ခံနိုင်အောင် နှလုံးကြွက်သားကို ဖြေလျှော့ရတယ်။ နှလုံးဟာ ညှစ်ပြီး တစ်ခါဖြေလျှော့တာကို နှလုံးတစ်ခါ ခုန်တယ်လို့ ခေါ်တယ်။
ဘယ်လောက် မြန်မြန် ခုန်သလဲ။
တစ်မိနစ်မှာ အကြိမ် ၇၀-၈၀ ခန့် ခုန်တယ်။
နှလုံးထဲက သွေးက သန့်တယ်လို့ ပြောတယ်။
မှန်လည်း မှန်တယ်။ မှားလည်း မှားတယ်။ နှလုံးရဲ့ ဘယ်ဘက်အပိုင်းမှာရှိတဲ့ သွေးလက်ခံခန်းနဲ့ သွေးလွှတ်ခန်းထဲမှာရှိတဲ့ သွေးတွေဟာ အဆုတ်က လာတဲ့အတွက် အောက်ဆီဂျင် ပါဝင်မှု အလွန်များတယ်။ ညာဘက်အခြမ်းက သွေးလက်ခံခန်းနဲ့ သွေးလွှတ်ခန်းဟာ ခန္ဓာကိုယ် အရပ်ရပ်ကလာတဲ့ သွေးတွေဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုများတယ်။ အောက်ဆီဂျင် နည်းတယ်။ ဒီသွေးဟာ နီပုပ်ပုပ် အရောင်ရှိပြီး နှလုံးက အဆုတ်ကို ပို့ရတယ်။ အဆုတ်မှာ သွေးက ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်ပြီး အောက်ဆီဂျင်ကို သယ်ယူတယ်။ အောက်ဆီဂျင်များတဲ့ သွေးဟာ ရဲရဲနီနေတယ်။ ဘယ်ဘက်အခြမ်းကို ဝင်တယ်။
Angina ဆိုတာ ဘာလဲ။
ရင်ဘတ် ညှစ်ထားသလို အောင့်တာ။ Squeezing Chest Pain လို့ ခေါ်တယ်။ လူနာက ရင်ဘတ်အလယ်လောက်မှာ လက်သီးလေးဆုပ်ပြီး ပြတတ်တယ်။ ရင်ဘတ်အလယ်မှာ ခဲဆွဲထားသလို လေးနေတာလည်း ရှိတယ်။ လည်ပင်း၊ မေးရိုး၊ ပခုံး၊ လက်မောင်းတွေအထိ အောင့်တာ ရောက်သွားနိုင်တယ်။ လူက အားကုန်တယ်။ ချွေးပြန်တယ်။ ပျို့ချင်သလို၊ အန်ချင်သလို ဖြစ်တယ်။ ကြွက်တက်ချင်သလို ဖြစ်တယ်။ မောတယ်။
Stable Angina ဆိုတာ ဘာလဲ။
အလုပ်ပြင်းပြင်း လုပ်လိုက်တဲ့အခါ Angina ရလာတာကို ခေါ်တာ။ ဥပမာ လှေကားမြင့်မြင့် တက်လိုက်ရင် ရင်ဘတ် အောင့်လာတယ်။ မောသလိုဖြစ်ပြီး ငါးမိနစ်လောက် နားလိုက်ရင် ပျောက်သွားတယ်။ နှလုံးသွေးကြောကျယ်တဲ့ ဆေးငုံလိုက်ရင် ပျောက်သွားတယ်။ သွေးကြော နည်းနည်းကျဉ်းလို့ ဖြစ်တာ။
Unstable Angina က ဘာလဲ။
လှုပ်ရှားမှု မဟုတ်ဘူး။ အနားယူစဉ် ကာလမှာ နာတယ်။ အချိန်ကြာတယ်။ တော်တော်နဲ့ မပျောက်ဘူး။ ကြာလေဆိုးလေ ဖြစ်တယ်။
Heart Attack ဆိုတာ ဘာလဲ။
နှလုံးသွေးကြော လုံးလုံးပိတ်လို့ Chest Pain ရတာ။ ရင်ဘတ်အောင့်တာ ညှစ်ထားသလို နာတယ်။ မူးတယ်၊ မောတယ်။ ချွေးပြန်တယ်။ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်တယ်။ ပျို့တယ်၊ အန်တယ်။ ခြေဖျား၊ လက်ဖျား အေးတယ်။ သေတော့မလောက် ကြောက်ရွံ့ ခံစားရတယ်။ ဘယ်လိုမှ မသက်သာဘူး။ Myocardial Infarct လို့ ခေါ်တယ်။
ဘယ်လို သိနိုင်သလဲ။
ECG ဆွဲကြည့်ရတယ်။ နှလုံးတိုင်းစက်မှာ သွေးကြောပိတ်ရင် သိသာထင်ရှားစွာ ပေါ်တယ်။ Cardiac Enzyme ခေါ်တဲ့ Troponin, CK-MB, AST, LDH လို့ခေါ်တဲ့ enzyme တွေ မြင့်တက်လာတယ်။ အရေးကြီး အခြေအနေ ဖြစ်တယ်လို့ မှတ်ထားရပါမယ်။
ဘယ်လို ကုရမလဲ။
ဆေးရုံကို အမြန်ဆုံး ရောက်အောင်လာပါ။ နှလုံးရောဂါဌာနရှိတဲ့ ဆေးရုံဆိုရင် ပိုကောင်းပါတယ်။ ဆေးလိပ်ဖြတ်ရပါမယ်။ အဆီ လျှော့စားရပါမယ်။ သွေးပေါင် ထိန်းရပါမယ်။ ကိုယ်အလေးချိန် ချရပါမယ်။ ဆီးချို ထိန်းရပါမယ်။ နှလုံးသွေးကြောပွင့်ဆေး Thrombolytic Therapy ပေးရပါမယ်။ ကျဉ်းနေတဲ့ သွေးကြောကို ပေါင်သွေးကြောမှတဆင့် Catheter နဲ့ ချဲ့ပေးရပါတယ်။ Percutaneous Transluminal angioplasty (PTCA) လုပ်ရပါတယ်။ တချို့လူတွေမှာ ကျဉ်းနေတဲ့ သွေးကြောကို ဖြတ်ပြီး ခြေသလုံးမှ သွေးပြန်ကြောနဲ့ အစားထိုး ခွဲစိတ်ရတယ်။ Coronory arterybypass graft (CABG) လို့ ခေါ်ပါတယ်။
ပါမောက္ခ ဦးသံစစ် (အသည်းအထူးကု)

By Good Health
No comments:
Post a Comment