It will take 5 Seconds to Subscribe Us
အောင်မြင်မှုအတွက် အားဆေးတစ်ခွက်
ကျွန်တော် ငယ်စဉ်က ရန်ကုန်မြို့ကို ရုံးတစ်ရုံးက လူတစ်ယောက် ခေါ်သွားလို့ ရောက်ခဲ့ပါတယ်။ ရန်ကုန်ဆိုတာ ကျွန်တော်တို့ နေတဲ့ မြို့နဲ့ အများကြီးခြားနားလှပါတယ်။ ကျွန်တော့်အဖို့ မြင်မြင်သမျှ အသစ်အဆန်းတွေပါပဲ။ လူတွေအများကြီး တိုးဝှေ့သွားနေတဲ့ နေရာတွေကို ရောက်ပြန်တော့ ကျွန်တော်တို့မြို့က ဘုရားပွဲတောင် ဒါလောက်မစည်ဘူးလို့ တွေးမိပါသေးတယ်။
ကျွန်တော် ရန်ကုန်ရောက်တော့ တော်တော်ပျော်မိပါတယ်။ ကျွန်တော်က သူသွားစရာလာစရာရှိတဲ့ နေရာတွေကို နောက်ကတကောက်ကောက်လိုက်ရပါတယ်။ မှတ်မိတဲ့နေရာရှိသလို မမှတ်မိတဲ့နေရာလဲ ရှိပါတယ်။ ကျွန်တော်တို့သွားတဲ့အချိန်က မိုးရာသီဖြစ်လို့ မိုးထဲရေထဲသွားရတာ စိုစိုစိစိနဲ့ အဆင်မပြေ ဘူး။ ရန်ကင်းဘက်ကို ကိစ္စတစ်ခုနဲ့သွားပြီး ဘတ်စကားမှတ်တိုင်ကို ပြန်လာခဲ့တော့ မိုးကလဲ အရမ်းရွာနေတယ်။ ကျွန်တော်စီးလာတဲ့ ဖိနပ်တစ်ဖက်က မိုးရေကြောင့်သည်းကြိုး ပြုတ်ထွက် သွားရတယ်။ ရှက်လိုက်တာဗျာ။ ဖိနပ်အပြတ်ကို လက်ကကိုင်ရင်း ဘတ်စကားစီးခဲ့ရတာ ယနေ့တိုင် မမေ့နိုင်ပါဘူး။
ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ထဲကို ရောက်သွားတယ်။ ဆရာကြီး ဦးဆန်းထွန်း(မန်းတက္ကသိုလ်) ရဲ့ အိမ်ကိုပါ။ ကျွန်တော့်ကို ခေါ်သွားတဲ့သူက ဆရာကြီးရဲ့ တပည့်လေ။ ရန်ကုန်ရောက်ခိုက် သွားကန်တော့တာပါ။
ကျွန်တော်တို့ရောက်သွားတော့ ဆရာကြီးက ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးစားပွဲနိမ့်လေးနဲ့ စာရေးနေ ပါတယ်။ ဆရာကြီးရဲ့ ပတ်လည်မှာတော့ စာအုပ်တွေ ပြန့်ကျဲနေတယ်။ ကျွန်တော်တို့ကို မြင်တော့ ဆရာကြီးက စာရေးတာကို ရပ်လိုက်ပါတယ်။
“ကြည့်သာ ထိုင်ကြတော့ကွာ”
ကျွန်တော်တို့က ကြမ်းပြင်ပေါ်မှာပဲ ထိုင်လိုက်ကြပါတယ်။ ပါလာတဲ့ မုန့်တွေနဲ့ ပုဆိုးကို ဆရာကြီး ရှေ့မှာချပြီး ကန်တော့လိုက်ကြပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံကျော် စာရေးဆရာကြီးတစ်ယောက် ကို ပထမဆုံးမြင်တွေ့ဖူးတာဖြစ်ပါတယ်။ ကန်တော့ပြီးတော့ ဆရာကြီးက ဆုတွေပေးတယ်။ ဆရာကြီးက ဆုပေးပြီးတော့ ပြောတဲ့စကားကို ယနေ့တိုင် ပြန်လည်ကြားယောင်မိပါတယ်။
“မင်းတို့ကို ဆရာတစ်ခုပြောချင်တယ်”
“ပြောပါဆရာကြီး”
“လူ့လောက မှာ နေရတဲ့အခိုက်မှာ သွားလိုမကျင့်နဲ့ လျှာလိုကျင့်စေချင်တယ်”
“ဟုတ်ကဲ့ခင်ဗျ...ဘယ်လိုကြောင့်ပါလဲခင်ဗျာ”
“ဒီအကြောင်းကို ဆရာ အခုလထုတ် ကလျာမဂ္ဂဇင်းမှာ အသေးစိတ်ရေးထားတာ ရှိတယ်။ မင်းတို့ ရှာပြီးဖတ်ကြည့်ပေါ့”
“ဟုတ်ကဲ့ခင်ဗျ...”
“ဒီလိုကွ...လူတွေဟာ လုပ်ပိုင်ခွင့်တို့၊ သြဇာအာဏာတို့ ရှိတဲ့အခါမှာ ခက်ထန်ကြတယ်။ မာကြောကြတယ်။ လက်အောက်ငယ်သားကို မတူမတန်သလိုဆက်ဆံကြတယ်။ ဆိုလိုတာကတော့ သွားနဲ့တူတာပေါ့ကွာ။ သွားဆိုတာ မွေးမွေးချင်းပါလာတာ မဟုတ်ဘူး။ အချိန်တန်တော့မှ ပေါက်လာတာ။ နောက် ပြန်ပြီး ကျိုးတယ်။ ပျက်စီးတယ်။ ပြန်ပေါက်တယ်။ ကုန်ကုန်ပြောရရင် သက်တမ်းစေ့လို့သေရင် သွားပါတဲ့သူထက် သွားတွေ ပျက်စီးပြီး သေကြရတာ မင်းတို့ သိမှာပါ”
“မှန်ပါတယ် ဆရာကြီး”
“မာကြောခြင်းဟာ တာရှည်မခံဘူးကွ။ လျှာကိုကြည့်စမ်း။ ပျော့ပြောင်းတယ်။ လိုအပ်ရင် ခေါက်လို့ ကွေးလို့ရတယ်။ မွေးကတည်းက ပါလာတဲ့ လျှာဟာ သေတဲ့အထိ ပါတယ်မဟုတ်လား”
“ဟုတ်ပါတယ် ဆရာကြီး”
“အေး...အဲဒါကြောင့် လူ့ဘ၀ ဖြတ်သန်းနေရတဲ့အချိန်အတွင်းမှာ တစ်ဖက်သားကို မာမာကြောကြော ခက်ခက်ထန်ထန်ဆက်ဆံတတ်တဲ့သူတွေဟာ သွားနဲ့တူတယ်။ သူ့မှာ လုပ်ပိုင်ခွင့်ရှိတဲ့အချိန်၊ သြဇာ အာဏာရှိတဲ့အချိန်မှာ လက်အောက်ငယ်သားတွေဟာ မတတ်သာလို့သာ ခေါင်းငုံ့ခံနေပေမယ့် လုပ်ပိုင်ခွင့်ကုန်ဆုံးသွားတဲ့အချိန်၊ သြဇာအာဏာမရှိတဲ့အချိန်မှာ လှည့်တောင်ကြည့်မှာမဟုတ်ဘူး။ လုပ်ပိုင်ခွင့်ရှိတုံး၊ သြဇာအာဏာရှိတုံးက ကပ်ဖားရပ်ဖား ဆက်ဆံနေတဲ့သူတွေက အနားတောင် ကပ်တော့မှာ မဟုတ်ဘူး။ အဝေးကမြင်ရင် ကွေ့ရှောင်သွားလိမ့်မယ်”
“ဟုတ်ကဲ့....ဆရာကြီးပြောတာ လက်ခံပါတယ်”
“လူဆိုတာ ချမ်းသာလဲ အစဉ်မဟုတ်ဘူး။ ဆင်းရဲလည်း အပင်မဟုတ်ဘူးဆိုတဲ့ စကားရှိတယ် မဟုတ်လား။ ငွေကြေးဥစ္စပေါများတဲ့သူတွေဟာ မောက်မာတတ်ကြတယ်။ သူပိုင်တဲ့ငွေကြေးနဲ့ အရာရာကို ဖန်တီးလို့ရတယ်လို့ ယူဆထားကြတယ်။ ဆင်းရဲတဲ့သူတွေဟာလည်း တစ်သက်လုံး ဆင်းဆင်းရဲ့ရဲနဲ့ နေကြရတာ မဟုတ်ပါဘူး။ လူ့လောကမှာ ငယ်ရွယ်စဉ်က ဆင်းရဲနွမ်းပါးခဲ့ပေမယ့် ကွယ်လွန်ချိန်မှာ သားသမီး၊ မြေးမြစ်တွေအတွက် အမွေအနှစ်တွေ ချန်သွားနိုင်တဲ့သူတွေရှိပါတယ်”
“ကျွန်တော့်တို့ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရင် သိသာပါတယ် ဆရာကြီး”
“အေး...ဒါ့ကြောင့် မင်းတို့ကို ဆရာကြီးပြောချင်တာက သွားလို မမာပါနဲ့။ မသေခင် အထီးကျန်လိမ့်မယ်။ လျှာလို သိမ်မွေ့ ညင်သာမှုရှိပါ။ မသေခင် စိတ်ချမ်းသာမှုရမယ်”
“လိုက်နာ မှတ်သားပါမယ် ဆရာကြီး”
“ကောင်းပြီ...သွားလို မကျင့်နဲ့ လျှာလို ကျင့်ပါလို့ တိုက်တွန်းလိုပါတယ်”
ကျွန်တော့်အဖို့ ထိုနေ့သည် အလွန်တန်ဖိုးရှိသော နေ့ရက်တစ်ရက်ဖြစ်ခဲ့ပါသည်။ ကျွန်တော့် ဘ၀တစ်လျှောက် ကျွန်တော့်ကို လူပျော့လူညံ့ဟု ထင်နေသူများအနေဖြင့် လူပျော့လူညံ့ အထင်ခံရခြင်း၏ နောက်ကွယ်မှ အောင်မြင်မှုများကို သိရလျှင် အံ့သြနေမည်ထင်ပါသည်။
ကျွန်တော် ဖတ်ဖူးကြာဖူးသော ဘီလ်ဂိတ်၏ စကားတစ်ခွန်းကို ပြန်လည် ကြားယောင်နေမိပါသည်။
“လောကမှာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာတာ မင်းရဲ့အပြစ်မဟုတ်ဘူး။ ဆင်းဆင်းရဲရဲနဲ့ သေဆုံးခဲ့ရင် တော့ မင်းရဲ့အပြစ်ပဲ”
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ....
ကျော်သိုက်
(၁၁-၁၁-၂၀၁၂)(၁၈း၅၀)နာရီ
No comments:
Post a Comment