သမီးလေးဖတ်ဖို့ (၅) သားလေးတွေလဲဖတ်လို့ရပါတယ်
၁။ နေ့စဉ်အဖြစ်အပျက်တွေကို မှတ်တမ်းတင်တဲ့ ဒိုင်ယာရီရေးတဲ့ အကျင့်ကိုလုပ်ပါ။ အဲဒီဒိုင်ယာရီထဲမှာစိတ်ခံစားမှုတွေကို ရေးတာထက် သမီးတွေ့မြင်ကြားသိရတဲ့အဖြစ်အပျက်တွေကို ရေးတာကပိုကောင်းပါတယ်။ အဖြစ်အပျက်တွေကို ရေးထားမယ့်သမီးရဲ့ဒိုင်ယာရီဟာ တစ်ချိန်ချိန်မှာ ရွှေထက်အဖိုးတန်တဲ့ စာအုပ်တစ်အုပ် ဖြစ်လာနိုင်ပါတယ်။
၂။ ရည်မှန်းချက်ပန်းတိုင်မရှိတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ မျောချင်ရာမျောနေတဲ့ လှေတစ်စင်းနဲ့တူတယ်။ ဒီတော့သမီးအနေနဲ့တစ်နေ့မှာ ငါ ဘာဖြစ်ရမယ် ဆိုတဲ့ရည်မှန်းချက်မျိုး ရှိနေရလိမ့်မယ်။
၃။ သုည(အင်္ဂလိပ်လို) ဇီးရိုးကို အထင်မသေးနဲ့နော် သုညဟာ သူ့ဘာသာသူတန်ဖိုးမရှိပေမဲ့ သူ့ရှေ့မှာလာတွဲတဲ့ ဂဏန်းကိုတန်ဖိုးမြင့်စေနိုင်တယ် သမီး ကိုယ့်ကြောင့်သူတစ်ပါးကို တန်ဖိုးမြင့်စေချင်တယ်ဆိုရင် အဲဒါမှတကယ့်ဂုဏ်ယူစရာ သုညလိုဘ၀မျိုး ဖေဖေအားကျတယ်။
၎။ Learn not,and know not. သင်ကြားမှုမရှိရင် အသိတရားလည်းမရှိတဲ့။ စာဖတ်လို့ငြီးငွေ့စိတ်ပျက်မယ်ကြံတိုင်း ဒီစာကြောင်းလေးကို သတိရနော်။
၅။ ပြေးနေတဲ့ယုန်ကိုသံချွန်နဲ့ဆွပေးဖို့ မလိုဘူး ...... တဲ့။ နှေးကွေးလေးလံတဲ့ နွားတွေသာ သံချွန်နဲ့ဆွပြီး ပြေးခိုင်းရတာ သမီးက ကိုယ့်ကျောင်းစာတွေနဲ့ကိုယ် အမြဲတမ်းအလုပ်ရှုပ်နေလေတော့ ပြေးနေတဲ့ ယုန်ကလေးနဲ့တူတာပေါ့နော်။ ဒီတော့ .... ဖေဖေက ယုန်ကလေး .... ပြေး.....ပြေး ..... ပြေးလို့ သံချွန်နဲ့ဆွပေးဖို့ မလိုတော့ဘူးပေါ့ ။
၆။ တည်ငြိမ်တိတ်ဆိတ်ခြင်းဟာ မိန်းမတစ်ယောက်ရဲ့ အကောင်းဆုံး အဆင်တန်ဆာဘဲတဲ့။ မိန်းမတို့ က္ကရွှေပေးလို့မရ ဆိုတဲ့ မြန်မာစကားပုံနဲ့တူတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လူတွေကြားထဲမှာ ဟေးလား ၀ါးလား အော်ကြီးဟတ်ကျယ် လုပ်တော့မယ်ဆိုရင် ဒီစကားလေးတွေ သတိရနော်။
၇။ လူတစ်ယောက်မှာ ကာကွယ်စောင့်ရှောက်ရမယ့် အရာ (၄)ခု ရှိတယ်။ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု ဆိုတာတွေဘဲပေါ့ ကိုယ့်နိုင်ငံကို တိုင်းတစ်ပါးက ထိပါးနှောင့်ယှက်လာရင် ခုခံတွန်းလှန်ချင်စိတ်ရှိရမယ်။ ကိုယ့်လူမျိုးကလွဲပြီး နိုင်ငံခြားသားနဲ့ လက်မထပ်ရဘူး။ ဘယ်လိုအကြောင်းနဲ့မှ ကိုယ်သက်ဝင်ယုံကြည်တဲ့ ဘာသာတရားကို မပြောင်းရဘူး။ကိုယ့်ယဉ်ကျေးမှုဖြစ်တဲ့ စာပေ၊ဂီတ၊အနုပညာတွေကို ထိန်းသိမ်းမြတ်နိုးရျွယ်။ ဖေဖေ့ကိုချစ်ရင် ထိန်းသမ်းကာကွယ်စောင့်ရှောက်မယ့်အရာတွေကို အသက်နဲ့ထပ်တူထိန်းသိမ်းစောင့်ရှောက်ပါလို့ ဖေဖေ မှာခဲ့ချင်တယ်။
၈။ ကျိုက်ထီးရိုးဘုရားကို ဖူးဖူးတယ်မဟုတ်လား။ တောင်အမြင့်ကြီးကိုတက်ပြီးမှ ဘုရားဖူးရတာလေ။ ကိုယ်လိုချင်တာကိုယ်သိမြင်ချင်တာ တောင်ထိပ်မှာရှိနေခဲ့ရင် အဲဒီတောင်ကို ဘာဘဲဖြစ်ဖြစ် တက်ရမှာဘဲသမီး မြင့်မြတ်တဲ့အရာ တန်ဖိုးရှိတဲ့အရာတွေဟာ အမြင့်မှာဘဲ ရှိနေတတ်တယ်ဆိုတာ သမီးကို သဘောပေါက်စေချင်တယ်။
၉။ ထိုင်နေရုံနဲ့ဘာမှဖြစ်မလာဘူး ထလျှောက်ရမယ် မတော်တဆခလုတ်တိုက်လဲမယ်ဆိုရင်လည်း ပွန်းပဲ့ထိရှသွားရုံဘဲပေါ့။ ရုန်းကန်ရဲတဲ့သတ္တိ သမီးကိုရှိစေချင်တယ် ဘ၀မှာ ရေသေလို ငြိမ်ရပ်မနေနဲ့။ စီးဆင်းနေတဲ့ ရေရှင်လို ရှင်သန်နေရမယ်။
၁၀။ လုပ်မယ်လို့ ဆုံးဖြတ်ထားရင် လုပ်သာလုပ် နောက်မဆုတ်နဲ့ ဒါပေမဲ့ ကိုယ်လုပ်မယ့်အလုပ်ဟာ မှန်သလား များသလားဆိုတာ အသေအချာစဉ်းစာပြီးမှလုပ် လုပ်ပြီးမှနောင်တရတာမျိုး ဖေဖေ မကြိုက်ဘူး။
၁၁။ အကြင်နာတရားရှိတဲ့ သူတွေရဲ့ရင်ထဲမှာ နူးညံ့သိမ်မွေ့တဲ့ဂီတနှလုံးသားရှိသတဲ့။ လူတစ်ယောက်ဟာ တေးဂီတတွေကိုမခံစားတတ်ဘူးဆိုရင် ကြင်နာတတ်တဲ့သူဖြစ်ဖို့ မသေချာတော့ဘူး။ ဒါကြောင့် နူးညံ့သိမ်မွေ့တဲ့ ဂီတနှလုံးသား သမီးရင်ထဲမှာ အမြဲရှိစေချင်တယ်။
၁၂။ ပြင်းပြတဲ့စိတ်ဆန္ဒရှိတဲ့သူဟာ တစ်ချိန်ချိန်မှာတော့ သူလိုချင်တာ ရတတ်စမြဲပါ ဘာဘဲလိုချင်လိုချင် တကယ်လိုချင်လာရင် ရတတ်ပါတယ်။ လိုချင်တိုင်းမရပါဘူး ဖေဖေလို့ သမီးစောဒက တတ်ချင်သေးလား လိုချင်တိုင်း မရသေးတာ တကယ့်ကို ဆန္ဒပြင်းပြင်းပြပြ မရှိသေးလို့ပါ သမီးရယ်။ ဒါဆို စိတ်ဆန္ဒပြင်းပြတာကို ဘယ်လိုသိမလဲ လို့မေးချင်သလား ကိုယ်လိုချင်တာအတွက် ကိုယ့်ဘ၀ကို ကိုယ့်အသက်ကိုတောင် စွန့်မယ်ဆုံးဖြတ်ပြီး တစ်စုံတစ်ခုကိုရယူဖို့ သဲသဲမဲမဲကြံစည်ကြိုးစားလာပြီဆို အဲဒီဟာ စိတ်ဆန္ဒပြင်းပြခြင်းဘဲ။ အဲဒီလိုမျိုးစိတ်ဆန္ဒပြင်းပြလာတဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ လိုချင်တာကိုရတတ်စမြဲဘဲ ဒါပေမဲ့ သမီးရယ် မလိုချင်သင့်တာ လိုချင်မိရင်တော့ အမှားကြီးများတတ်တယ်။
ဆူး ဖေဖေ ဆူးကိုလက်ဆောင်ပေးခဲ့ဖူးတဲ့စာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ ကောင်းသန့် (သမီးလေးဖတ်ဖို့) ပေါင်းချုပ် စာအုပ်ထဲက ဆူး ပြန်လည်ဝေမျှပါတယ်နော်။ ( ဖေဖေ ကိုသတိရခြင်းများစွာနဲ့ပေါ့ရှင် ) အားပေးတဲ့အတွက် ကျေးဇူးပါ ...... ....... ပျော်ရွှင်၊သာယာအေးချမ်းတဲ့ ဘ၀လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ လို့ ...........
No comments:
Post a Comment