Thursday, 29 December 2011

ဆောင်းတွင်းကာလမှာ ဖြစ်သည့် ချောင်းဆိုးဝေဒနာ ပျောက်ကင်းရလေအောင်


SNOW

ဆောင်းတွင်းကာလမှာ ဖြစ်သည့် ချောင်းဆိုးဝေဒနာ ပျောက်ကင်းရလေအောင်

အအေးမိဝေဒနာ ခံစားရအပြီး ချောင်းဆိုးတာ မပျောက်ကင်းနိုင် ဖြစ်နေသလား။  ဆောင်းတွင်းကာလမှာ ချောင်းဆိုးတာကြောင့် ဆရာဝန်တွေဆီကို လူနာတွေ အရောက်များတက်ကြပါတယ်။ အမှန်မှာတော့ နာတာရှည် ချောင်းဆိုးတဲ့သူ အများစုဟာ အအေးမိ တုပ်ကွေးကြောင့်ချည်းပဲ မဟုတ်ပါဘူး။ အောက်ပါ အကြောင်းရင်း တစ်ခုခုကြောင့် ချောင်းဆိုးအောင် လှုံ့ဆော်တတ်ပါတယ်။

(၁) လည်ချောင်းတွင်း နှာရည်ကျဆင်းခြင်း

နာတာရှည် ချောင်းဆိုးသူ ထက်ဝက်ခန့်ဟာ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ ဓာတ်မတည့်တာ၊ ဟော်မုန်းများနေတာနဲ့ တချို့ဆေးဝါးတွေရဲ့ ဆိုးကျိုးနဲ့ ဆက်စပ်နေတဲ့ လည်ချောင်းအတွင်း နှာရည်တွေ ကျဆင်းနေတာကြောင့်ပါ။ အဲဒီလိုဖြစ်ရင် လည်ချောင်းယားနေတာ၊ တစ်ခါတစ်ရံ အသံဝင်တာတွေ ဖြစ်တတ်ပါတယ်။

ချောင်းဆိုးခြင်း ပျောက်ကင်းအောင်

နေ့စဉ် ကြက်စွပ်ပြုတ်ရည် တစ်ခွက်သောက်ပေးပါ။ ကြက်စွပ်ပြုတ်ရည် သောက်တာကြောင့် မိနစ် ၃၀ အတွင်း သလိပ်တွေ ပျော်ဝင်သွားကာ နှာရည်တွေ လည်ချောင်းတွင်း မရောက်ခင်မှာပဲ ခန္ဓာကိုယ်ပြင်ပသို့ အလွယ်တကူ စွန့်ထုတ်ပစ်နိုင်ပါတယ်။

(၂) အစာအိမ်မှ အက်စစ်လျော့နည်းခြင်း

အသက် ၄၀ ကျော် အမျိုးသမီးတွေမှာ အစာအိမ်မှ အက်စစ်ဓာတ်တွေ အထွက်နည်းတက်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ မကြေညက်တဲ့ အစာတွေဟာ အစာမျိုပြွန်ကို ဆန်တက်ပြီး ရင်ပူကာ လည်ချောင်းယားယံ၊ ချောင်းခြောက်ဆိုးတတ်ပါတယ်။ ဒီလို ချောင်းဆိုးတာမျိုးဟာ ရင်ပူပြီး လေပွတာတွေပါ ဖြစ်တက်ပါတယ်။ ဗိုက်ထဲမှာ အစာမကြေတဲ့ အစားအစာတွေဟာ အူထဲမှာ အချဉ်ပေါက်လို့ပါ။

ချောင်းဆိုးခြင်း ပျောက်ကင်းအောင်

ရှာလကာရည် ဇွန်းတစ်ဇွန်းစာကို ရေဖန်ခွက် တစ်ခွက်နဲ့ ရောစပ်ပြီး အစာမစားခင် သောက်ပေးပါ။ အစာအိမ်အတွင်း အက်စစ်ဓာတ် ပုံမှန်ပြန်ဖြစ်နိုင်ပြီး အစာခြေတာ ကောင်းမွန်ကာ ၂၄ နာရီအတွင်း ချောင်းဆိုးတာ ပျောက်ကင်းနိုင်ပါတယ်။

(၃) ဓာတ်မတည့်ခြင်း သို့မဟုတ် ရင်ကျပ်ခြင်း

ရင်ကျပ်ပန်းနာနဲ့ ဓာတ်မတည့်တာ ရှိသူတွေဟာ ဖုန်မှုန့်နဲ့ မော်တော်ကား မီးခိုးမှုန့်တွေနဲ့ ထိတွေ့တာများတာကြောင့် ရောဂါထပြီး ချောင်းဆိုးတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်အပြီးမှာ ချောင်းဆိုးရင် ရင်ကျပ်ပန်းနာကြောင့် ဖြစ်တာပါ။ ဓာတ်မတည့်တာကြောင့် မဟုတ်ပါဘူး။

ချောင်းဆိုးခြင်း ပျောက်ကင်းအောင်

Psycnogenol သောက်ပါ။ သဘာဝ ရောင်ရမ်းမှု ပျောက်ဆေးဖြစ်တာကြောင့် ရင်ကျပ်ရှိသူနဲ့ ဓာတ်မတည့်သူတွေမှာ အသက်ရှူလမ်းကြောင်း ပွင့်သွားပြီး အသက်ရှူလို့ ကောင်းနိုင်ပါတယ်။

(၄) သွေးတိုးကျဆေးသောက်ခြင်း

Capoten (captopril) နဲ့ Vasotec (enalepril) လိုမျိုး သွေးတိုးကျစေတဲ့ ACE inhibitor ဆေးတွေကို သောက်သူတွေ ငါးယောက်မှာ တစ်ယောက်နှုန်း ချောင်းဆိုးတက်ပါတယ်။ ငါးလမှ ခြောက်လအထိ ချောင်းဆိုးတတ်ပါတယ်။ လည်ချောင်းနောက်ဘက်မှာ ငှက်မွေးနဲ့ ကလိသလိုမျိုး ယားနေပြီး ချောင်းဆိုးနေတာဟာ အဲဒီဆေးဝါးတွေ သောက်လို့ပါ။

ချောင်းဆိုးခြင်း ပျောက်ကင်းအောင်

သံဓာတ်ဖြည့်စွက်ဆေး သောက်ပါ။ နေ့စဉ် သံဓာတ် (Ferrous Sulphate) 250 မီလီဂရမ် သောက်တာကြောင့် သွေးတိုးကျဆေးကြောင့် ဖြစ်တဲ့ ချောင်းဆိုးတာ ပျောက်ကင်းနိုင်တယ်လို့ သုတေသီတွေ ရှိခဲ့ပါတယ်။

(၅) နားဖာချေးရှိခြင်း (ear wax)

နားဖာချေးရှိတာကြောင့် ချောင်းဆိုးစေတဲ့ အာရုံကြောကို လှုံ့ဆော်နိုင်ပါတယ်။ အေးချမ်းတဲ့ ရာသီဥတုမှာ နားပြွန်အတွင်း လေအေးတွေ ဝင်ရောက်ချိန်မှာ ဖြစ်တက်ပါတယ်။ နားအူတာ၊ နားထဲမှာ ဖိအားရှိနေတာ ဒါမှမဟုတ် ရှင်းရှင်းလင်းလင်း အသံ မကြားရတာတွေပါ ဖြစ်တတ်ပါတယ်။

ချောင်းဆိုးခြင်း ပျောက်ကင်းအောင်

နားဖာချေးတွေ ဖယ်ရှားပေးပါ။

ဒေါက်တာ ခင်မိုးမိုး

No comments:

Post a Comment